Saturday, April 28, 2012

News (NayPyiTaw_)


ရန်ကုန်၊ မတ်လ ၁၉ ရက်။            ။ နေပြည်တော် တိုင်းဒေသကြီးအတွင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကောက်ခံနေတဲ့ လျှပ်စစ်မီတာခ ကျသင့်ငွေ ကောက်ခံမှုကို ဧပြီလအတွင်း  အွန်လိုင်းကနေ ပေးဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ သိရတယ်။

"အွန်လိုင်းစနစ် မီတာခ ပေးချေနိုင်ဖို့အတွက် ဘဏ်မှာ ဘေလ်ဆောင်တဲ့ အကောင့်တစ်ခု ဖွင့်ရပါမယ်။ အဲဒီအတွက် မှတ်ပုံတင်ပဲ ယူလာဖို့လိုပါတယ်။ အရင် အွန်လိုင်းဖုန်းဘေလ်ဆောင်ဖို့ အကောင့်လုပ်ထားပြီးသားလူတွေ အနေနဲ့တော့ အဲဒီရှိထားပြီးသား အကောင့်နဲ့ပဲ မီတာခ ပေးဆောင်မယ်ဆိုတဲ့အကြောင်း ကျွန်မတို့ဆီကို အကြောင်းကြားပေးဖို့ လိုပါတယ်" လို့ အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank) အိုင်တီဌာန အမှုဆောင်ဒါရိုက်တာ ဒေါ်သင်းသင်းနုက ပြောပါတယ်။

ဘဏ်မှာ ငွေကျပ်တစ်သောင်းနဲ့ ဘေလ်ဆောင်ဖို့ အကောင့်ပြုလုပ်ရမှာဖြစ်ပြီး မိမိကျသင့်မယ့် မီတာခ ပျမ်းမျှငွေပမာဏကို ဘဏ်မှာ ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ ဘေလ်ဆောင်တဲ့အခါ အဲဒီထည့်သွင်းထားတဲ့ ငွေထဲကနေ နှုတ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဝန်ဆောင်မှု ပထမအဆင့်အနေနဲ့ မြန်မာ့စီးပွားရေးဘဏ်၊ Asia Green Development Bank၊ United Amara Bank၊ CB Bank တို့နဲ့  ချိတ်ဆက် ဆောင်ရွက်ထားပြီး၊ ခရိုင်ရုံး၊ မြို့နယ်ရုံး မီတာဘေလ်စာရင်းသွင်းခြင်း ဆိုင်ရာ လုပ်ငန်းစဉ်တွေကို eTrade Myanmar Co., Ltd နဲ့ ရတနာပုံတယ်လီပို့က ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရတယ်။

"အခုဆိုရင် အွန်လိုင်းစနစ် မီတာခပေးချေခြင်း ဝန်ဆောင်မှုဟာ စတင်ဖို့ အသင့်ဖြစ်နေပါပြီ။ အွန်လိုင်းစနစ်ကို မဖြစ်အနေ အကောင်အထည်ဖော်သွားရမှာ ဖြစ်တဲ့အတွက် ပထမအဆင့်အနေနဲ့ နေပြည်တော် တိုင်းဒေသကြီးအတွင်း ရုံး (၅) ရုံး ဖွင့်လှစ်ပြီး ဘေလ်ကောင်ခံခြင်း၊ အချက်အလက်ရယူခြင်း၊ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အွန်လိုင်းစနစ် ဝန်ဆောင်မှုပေးခြင်းကို ၂၀၁၂ ခုနှစ်၊ ဧပြီလက စတင် ဆောင်ရွက်သွားမှာပါ။ မန္တလေးတိုင်းဒေသကြီးကိုပါ ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်" လို့ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အွန်လိုင်းစနစ်သုံး မီတာခကောက်ခံမှုစနစ် စတင်နိုင်ဖို့ လက်ရှိ မီတာခကောက်ခံရာမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ လုပ်ငန်းဆိုင်ရာ၊ နည်းပညာဆိုင်ရာတွေ ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
            By MoePwint and Administrator

No comments:

Post a Comment